နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရဆောင်းပါး

photo - Su Larb Mon

ကျွန်မတို့ရဲ့ UT-YCC

   ကျွန်မ ဒီကျောင်းကို မရောက်ခင် နည်းပညာတက္ကသိုလ်(သန်လျင်)မှ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ (၁၃.၃.၂၀၁၇)မှာ ကျွန်မဆီ မျှော်လင့်မထားတဲ့ ဖုန်းဝင်လာပါတယ်။ ရာထူးတစ်ဆင့်မြှင့်အတိုးနဲ့ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရမယ်ဆိုတဲ့အကြောင်း ကြားသိလိုက်ရပါတယ်။ ဒီရာထူးအတိုးအပြောင်းမှာ ကျွန်မလိုပဲ သူငယ်ချင်းတွေ အများကြီးပါကြတယ်။ ကိုယ်သဘောကျတဲ့နေရာကို ပြောင်းရမဲ့သူတွေကတော့ ဝမ်းသာပျော်ရွှင်လို့ပေါ့။ ရာထူးတိုးလို့ ဝမ်းသာပါရဲ့ ဒါပေမယ့် နယ်စွန်နယ်ဖျားက တက္ကသိုလ်တွေကို သွားရောက်တာဝန်ထမ်း ဆောင်ရမဲ့သူတွေကတော့ စိတ်တွေရှုပ်ထွေးပြီး မပျော်ရွှင်နိုင်ကြဘူးပေါ့လေ။ ကျွန်မကတော့ မိဘတွေရှိတဲ့ မြို့နဲ့မနီးမဝေး သွားရေးလာရေးလည်း လွယ်ကူတဲ့နေရာရောက်တာမို့ အပျော်ကြီး မဟုတ်ပေမဲ့ စိတ်တော့မညစ်ရပါဘူး။ ရာထူးအတိုးအပြောင်း အမိန့်စာမှာ လုပ်လက်စ လုပ်ငန်းတွေပြီးဆုံးမှ တာဝန်ကျတဲ့နေရာကို သွားရောက်တာဝန်ထမ်းဆောင်ရမည်ဆိုတဲ့ မှတ်ချက်ပါတဲ့အတွက် ပြောင်းဖို့ ရွှေ့ဖို့ ပြင်ဆင်ချိန် လည်း တော်တော်ရခဲ့ပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ တခြားနည်းပညာတက္ကသိုလ်တွေနဲ့ မတူဘဲ (Center of Excellence)အဖြစ် ၁၉၈၈ နောက်ပိုင်းမှာ B.E ဘွဲ့ကို ပထမဆုံး တိုက်ရိုက်ပေး အပ်တဲ့ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ကို ပြောင်းရွှေ့ရမှာဖြစ်တဲ့အတွက် ရင်ခုန်စိတ် လှုပ်ရှားမိတာတော့ အမှန်ပါပဲ။ ဒီနည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ကျောင်းတော်ကြီးဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့မှာ စတင်မွေးဖွဲ့လာခဲ့တာဖြစ်တယ်။ ကျောင်းစတင်သန္ဓေ တည်တဲ့ နေရာကတော့ Yatanarpon Teleport ဝင်းအတွင်းမှာပေါ့။ ကျောင်းဖွင့်ပွဲနေ့က မန္တလေးနည်းပညာတက္ကသိုလ်မှာ တက်ရောက်နေ့တဲ့ Ph.D ကျောင်းသူဖြစ်တဲ့ ကျွန်မတို့တတွေ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဒီကျောင်းဖွင့်ပွဲနှင့်အတူ Video Conferencing ချိတ်ဆက်လုပ်ဆောင် ပုံတွေကို ကျွန်မတို့ လက်တွေ့လေ့လာခွင့် ရရှိခဲ့ပါတယ်။ ဒီVideo Conferencing ချိတ်ဆက်လုပ် ဆောင်ပုံကို နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)မှာ ပထမဦးဆုံး ကျွန်မတို့လေ့ လာခဲ့ရတာကို ပြန်ပြောင်းအမှတ်ရမိပြီး ဒီလိုကျောင်းကြီးကို ပြောင်းရမှာဖြစ်တဲ့ အတွက် ကျွန်မ စိတ်လှုပ်ရှားမိတာ ဖြစ်ပါလိမ့်မယ်။ ပစ္စည်းတွေ သိမ်းဆည်းပြီး နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ကို သွားဖို့ အဲ့ဒီကျောင်းက Senior အမဆီ ဖုန်းဆက်ကြည့်တော့ ကျောင်းက Yatanarpon Teleport ဝင်းထဲမှာ မဟုတ်တော့ဘူး။ ပြင်ဦးလွင်ဘက် တက်တဲ့အတက်လမ်းမှာ ပြင်စာပန်းခြံကျော်ရင် လမ်းညာ ဘက်မှာ ကျောင်းကို တွေ့လိမ့်မယ်လို့ သေသေချာချာလမ်းညွှန်ပါတယ်။ ဒီတော့မှ ကျွန်မလည်း ဖွင့်ပွဲတုန်းက ကျွန်မတို့ရောက်ဖူးတဲ့ နေရာမဟုတ်တော့ဘဲ ပြောင်းထားတယ်ဆိုတာ သိရတာပါ။ ကျောင်း ပုံစံအနေအထားကိုမသိရတဲ့အတွက် ထပ်ပီး ရင်ခုန်မိပါတယ်။ ဒီလိုနဲ့ ၂၀၁၇ ခုနှစ် မေလ(၁)ရက်နေ့မှာ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ကို ကျွန်မရောက်ရှိခဲ့ပါတယ်။ နွေရာသီဆိုပေမယ့် ဆိုင်ဘာစီးတီးရဲ့ ရာသီဥတုက အေးမြမြလေး ဆီကြိုနေလို့ စိတ်တွေရွှင်လန်းပြီး အမောတွေတောင်ပြေသွားပါတယ်။ ကျောင်းရှေ့က ဝင်လာပြီး နောက်သိပ်မကြာခင် ခမ်းနားထည်ဝါလှတဲ့ ကျောင်းတော်ကြီးကို မြင်လိုက်ရတဲ့အခါမှာ စိတ်ဘဝင်မြင့်သလိုတောင် ခံစားလိုက်ရမိပါတယ်။ ပင်မဆောင်ကြီးကိုကျော်ပြီး ဝန်ထမ်းအိမ်ယာ သို့ဆိုတဲ့ ဆိုင်ပုဒ်တပ်ထားတဲ့ လမ်းရဲ့ညာဘက်ကို ဆင်သွားပြီး မျာက်လုံးကစားကြည့်လိုက်တော့ လမ်းရဲ့ဝဲဘက်မှာ အနိမ့်အမြင့် အစီအရီရှိနေတဲ့ စာသင်ဆောင်ကြီးတွေကို တွေ့ရတယ်။ လမ်းမကြီးတလျှောက် ကြည့်လိုက်တဲ့အခါမှာတော့ ခပ်လှမ်းလှမ်းက တောင်ထိပ်ပေါ်မှာ ရွှေတိဂုံပုံတူစေတီတော်နဲ့ သာသနိက အဆောက်အအုံတွေကို တွေ့မြင်ရလို့ စိတ်ကြည်နူးမှုတွေကို ခံစားလိုက်ရပါတယ်။ ကားသယ်ဆောင်ရာပါသွားရင် ကျွန်မနေထိုင်ရမဲ့ ဝန်ထမ်းအိမ်ယာတိုက်နံပါတ် 3(B)ကို ရောက်ရှိလာပါတယ်။ ပုံစံတူဆောက်လုပ်ထားတဲ့ ဝန်ထမ်းအိမ်လေးတွေက အစီအရီနဲ့မို့ ကြည့်လို့ တောင် ကောင်းနေပါသေးတယ်။ အိမ်လေးတွေရှေ့မှာ ပန်းပင်လေးတွေနဲ့။ ကျွန်မ အိမ်ရှေ့မှာလည်း အာဆီယံသပြေပင်လေးနဲ့ ကျောင်ခက်ပင်လေးတွေ ရှိပါတယ်။ ပတ်ဝန်ကျင်းတစ်ခုလုံး နွေရာသီ ဖြစ်ပေမဲ့ စိမ်းစိုလန်းဆန်းနေတာရယ်၊ အေးမြတဲ့ လေနုအေးလေးရဲ့ ဆော်သွေးမှုတွေရယ်က ကျွန်မ စိတ်ကို လန်းဆန်းအောင် ပျော်ရွှင်အောင် လုပ်ပေးနေသလိုပါပဲ။ ညနေခင်းမှာ ရေမိုးချိုးပြီး ကျောင်းကြီးကို လှည့်ကြည့်ဖို့ ကျွန်မအသိဆရာမနဲ့ လမ်းလျှောက် ထားခဲ့တယ်။ ကျွန်မတို့နဲ့ မျက်နှာချင်းဆိုင်မှာ ပါမောက္ခချုပ်နေထိုင်တဲ့အိမ်ရှိတယ်။ ပါချုပ်အိမ်ရဲ့ ဝဲဘက်မှာ ဒုချုပ်အိမ်ရှိတယ်။ ဒုချုပ်အိမ်ဘေးက သုံးထပ်ဆောင်က ဆရာမဆောင်ဆိုတာ သိရတယ်။ အဲ့ဒီဝဲဘက်မှာလည်း ဆရာ/ မ မိသားစုတွေနေတဲ့ အိမ်တွေရှိသေးတယ်ဆိုတာ သိရတယ်။ ပါချုပ် ကစပြီး အောက်ခြေဝန်ထမ်းတွေအထိ နေကြတဲ့အိမ်လေးတွေ တစုတစည်းတည်းရှိနေတာကို ကြည့်ရတာ မြို့သေးသေးလေးတစ်ခုလိုပဲ ထင်ရတယ်။ ကျောင်းဘက်ဆက်လျှောက်သွားတော့ စားသောက်ဆိုင်တန်းတွေ့ရတယ်။ အိမ်နဲ့မနီးမဝေး မှာဆိုတော့ စားသောက်ရေးအတွက်လည်း မပူရတော့ဘူးလို့တောင် တွေမိတယ်။ စားသောက်ဆိုင် တန်းရဲ့ မနီးမဝေးမှာ ဆရာတော်ဦးသုမင်္ဂလရဲ့ ကျောင်းရှိတယ်။ ကျောင်းအလွန် အောင်ချမ်းသာ ရွာမှာလည်း ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ ကျောင်းရှိသေးတယ်။ အဲ့ဒီ ဘုန်းကြီးကျောင်းတွေထဲ မှာလဲ တရားပွဲတွေ မကြာခဏ ကျင်းပလေ့ရှိတယ်။ ဒီကျောင်းက တရားနာချင်တဲ့ ဆရာ/မတွေကို လည်း ကျောင်းအနီးနားမှာရှိတဲ့ ကုသိုလ်ရှင်တွေက ကားနဲ့ပို့ပေးတယ်လို့ကြားသိရတဲ့အတွက် ကျွန်မကြိတ်ပြီး ဝမ်းသာနေမိတယ်။ ဒါတင်မကသေးဘူး တနင်္ဂနွေနေ့ရောက်တိုင်းလည်း မစိုးရိမ်ကျောင်းနဲ့ မဟာပဇ္ဇောတာရုံ ကျောင်းက ဆွမ်းခံကိုယ်တော်တွေ ဆွမ်းခံကြွလေ့ရှိတည်လို့လည်း သိရပါသေးတယ်။ မြို့ပြနဲ့ဝေး တဲ့နေရာမှာ တသီးတသန့်ရှိနေပေမဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ ကုသိုလ်တွေပြုလုပ်ဖို့ အဆင်ပြေတဲ့အတွက် ကျွန်မဝမ်းသာမိတာအမှန်ပဲ။ သူငယ်ချင်းတွေက ဆက်ပြီးဒီကျောင်းမှာလည်း ဘာသာရေးနဲ့ပတ်သက်တဲ့ပွဲတွေ အဆက်မပြတ် ခြိမ့်ခြိမ့်သဲသဲကျင်းပလေ့ရှိပါတယ်။ ဝါဆိုသင်္ကန်း ကပ်ပွဲ၊ မီးထွန်းပွဲ၊ ကထိန်ပွဲတွေကို ရာသီအလိုက်ကျင်းပလေ့ရှိတာ နောက်တော့သိလာရလိမ့်မယ်လို့ ပြောပါသေးတယ်။ ဆရာ/မတွေက ရှေ့ကဦးဆောင်သလို ကျောင်းသူ/သားတွေကလည်း နောက်က လိုက်ပြီး စုစုစည်းစည်းနဲ့ ဆောင်ရွက်ကြတာ သိပ်ကိုအားရစရာကောင်းကြောင်း ပြေပြတဲ့အတွက် ကျွန်မစိတ်ထဲ အလိုလိုပျော်ရွှင်လာမိပါတယ်။ နောက်ပြီး ဒီကျောင်းမှာ ကျောင်းသူ/သားတွေ hard skill ကောင်းမွန်တိုးတက်စေဖို့ ဆောင်ရွက်ပေးရုံတင်မကဘူး Soft Skill ပါဖွင့်ဖြို့စေဖို့ ဘာသာရပ်ဆိုင်ရာ ဟောပြောင်ပွဲတွေ၊ စာပေဟောပြောပွဲတွေကိုလည်း အခါအားလျော်စွာ ပြုလုပ်ပေးတယ်ဆိုတဲ့အကြောင်း၊ ကြက်ခြေနီ အသင်း၊ အနုပညာအသင်း၊ Beskectball Club၊ Chess Club တွေဖွဲ့ပြီး ကျောင်းသူ/သားတွေကို ပြုစုပျိုးထောင်ပေးနေတဲ့အကြောင်း။ ပြပွဲပြိုင်ပွဲတွေ၊ ဘောလုံးပွဲတွေကိုလည်း ရာသီအလိုက်ကျင်းပ ပြီး ကျောင်းသူ/သားတွေရဲ့ ကာယဗဘ၊ ဉာဏဗလတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေး နေတဲ့အကြောင်းတွေကြားရတာ အားရစရာကြီးပါ။ လမ်းလျှောက်ရင်း တွေ့ရတဲ့ စာသင်ဆောင်တွေ၊ Lab အခန်းတွေ၊ Workshop ရုံတွေကလဲ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်ရှိနေတာ တွေ့ရတယ်။ ကျောင်းပတ်ဝန်းကျင်တခုလုံးကို လွှမ်းခြုံကြည့်လိုက်ရင် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် မိုးများတော့ ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်ဆိုလို့ တစ်မှုန်မှမတွေ့ရဘူး။ နေရာတိုင်း ရှင်းသန့်ပြောင်လက်နေတာပဲ။ ဒါက ဝန်ထမ်းတွေ အချိန်ပြည့် မခိုမကပ်လုပ်ဆောင်ပေးလို့ပဲ။ ပင်မကျောင်းဆောင်ကြီးအတွင်း ဝင်ကြည့်ရင်လဲ ကြမ်းပြင်တွေဆိုတာ တောက်ပြောင်နေတာ တွေ့ရလိမ့်မယ်လို့ ပြောပါတယ်။ သူပြောတဲ့အတိုင်း နောက်နေ့ကျောင်းရောက်တော့ မျက်မြင်ကိုယ်တွေ့ တွေ့ရပါတယ်။ ဝန်ထမ်းအားလုံး ဒီလို မခိုမကပ် မနားမနေ တာဝန်ထမ်းဆောင်နေတာဟာ ပါချုပ်ရဲ့ စီမံခန့်ခွဲမှုကောင်းတဲ့ အရည်အချင်းတစ်ရပ်ဆိုတာ မပြောဘဲနဲ့ သိနိုင်ပါတယ်။ ကျွန်မတာဝန်ထမ်းဆောင်ဖူးတဲ့ ကျောင်းတွေထဲမှာ ဒီကျောင်းလောက် ဝန်ထမ်းတွေ အလုပ်လုပ်တာ မတွေ့ဖူးပါဘူး။ ဒါက မှန်သောစကားပါ။ နောက်နေ့ ကျွန်မဌာနကိုသွားပြီး Duty Report တင်ပါတယ်။ ဌာနမှူးနဲ့ ဌာနမှာရှိတဲ့ ဆရာ၊ဆရာမတွေက နွေးနွေးထွေးထွေးလှိုက်လှဲပျူငှာစွာ ကြိုဆိုကြတဲ့အတွက် ကျွန်မရင်ထဲ အားတွေရှိလာတယ်။ ကိုယ့်မိသားစုထဲ ပြန်ရောက်သွားသလိုပဲ ခံစားရတယ်။ ပါမောက္ခချုပ်ဆီ သွားရောက်သတင်းပို့တဲ့အခါမှာလည်း ပါမောက္ခချုပ်က တရင်းတနှီး ကြိုဆိုအားပေးပါတယ်။ အဲ့ဒီအတွက် ဒီကျောင်းမှာ နေရဖို့ မစိမ်းတော့ဘဲ နေသားတကျ ဖြစ်သွားပါတယ်။ ဒီကျောင်းရဲ့ သင်ကြားရေးကို လေ့လာကြည့်တဲ့အခါမှာ တခြားနည်းပညာတက္ကသိုလ်တွေလို မေဂျာတွေ အများကြီးမရှိဘူး။ အဓိက မဟာဌာနကြီး(၄)ခုက အင်ဂျင်နီယာဘာသာရပ်တွေကို သင်ကြားပေးနေတယ်ဆိုတာ သိရပါတယ်။ ဒီဌာနကြီး(၄)ခုရော အထောက်အကူပြု Academic ဌာနတွေရောဟာ ပင်မဆောင်မှာရှိတယ်။ ကျွန်မတို့ဌာနကတော့ ပင်မဆောင်ရဲ့ အပေါ်ဆုံးထပ်မှာ ရှိပါတယ်။ တောင်ထိပ်မျှော်စင်က ကြည့်ရသလို ပတ်ဝန်းကျင်ကို လွှမ်းခြုံမြင်နေရတဲ့အတွက် ကျွန်မသဘောကျမိပါတယ်။ ဒီလိုနဲ့ ဌာနမှူးက ကျွန်မတို့ကို သင်ကြားပို့ချရမဲ့ ဘာသာရပ်တွေ ခွဲဝေပေးပါတယ်။ ကျွန်မသင်ရမဲ့ ဘာသာရပ်အတွက် Reference ကို ဘယ်ကယူရမလဲဆိုတော့ M.E(1st Batch) ကိုပြော၊သူတို့ဆောင်ရွက်ပေးလိမ့်မယ်လို့ ဌာနမှူးကပြောပါတယ်။ အဲ့ဒါနဲ့ ကျွန်မပြောလိုက်တော့ M.E(1st Batch) တက်နေတဲ့ ကျောင်းသားလေးက သေသေချာချာချုပ်ပြီး လာပို့ပေးပါတယ်။ ကျောင်းသားလေးတွေက အားကိုးရသားပဲဆိုတော့ ကျန်တဲ့ဆရာမတွေက ဆရာ၊ဆရာမတွေ Lab ခန်းဝင်ရင်လဲ Senior ကျောင်းသူ/သားတွေက Junior ကျောင်းသူ/သားတွေကို ဒီလိုပဲ ကူညီဆောင်ရွက်ပေးကြတယ်လို့ ပြောပါတယ်။ ဒီလို ဆရာ၊ဆရာမကို အလိုက်တသိ ကူညီတတ်တဲ့ တပည့်တွေရှိနေတာ ကျွန်မတို့အတွက် တအားပါပဲ။ ကျွန်မ စာသင်ခန်းမှာ သင်ကြားတော့လဲ ကျောင်းသူ/သားတွေက တိတ်တိတ်ဆိတ်ဆိတ်နဲ့ စိတ်ဝင်တစား သင်ယူကြတယ်။ သင်ကြားပြီးတဲ့ အချိန်မှာတော့ သူတို့သိတာ သူတို့သိချင်တာတွေနဲ့ ပတ်သက်ပြီး ပြန်လည်ဆွေးနွေးကြတယ်။ ဒီလို လိုလိုချင်ချင်နဲ့ ပညာသင်ယူတဲ့ တပည့်တွေကို တွေ့မြင်ရတဲ့အတွက် တကယ်အားရှိမိပါတယ်။ ရှေ့ဆက်ပြီး ကြိုစားအားထုတ်သင်ဖို့ အားတွေလဲ တက်လာမိပါတယ်။ ကျောင်းသူ/သားတွေဟာ တတိယနှစ်ကစပြီး ကိုယ့်အုပ်စုနဲ့ကိုယ် လူခွဲပြီး Industry (သို့) Company တွေမှာ Field သုံးကြိမ်ဆင်းရတယ်။ Internship လေးပတ်ဆင်းရတယ်။ ဒီလိုလုပ်ခိုင်းတာက စာတွေ့တင်မကဘူး လက်တွေ့ပါ သိရအောင်လို့ပါ။ တစ်နည်းအားဖြင့်တော့ စာတွေ့လက်တွေ့ သင်ကြားပေးတဲ့ သဘောပေါ့။ ပြီးတော့ ကျောင်သူ/သားတွေဟာ ဒုတိယနှစ်ကစပြီး Group Project တွေ လုပ်ပြီး ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ နှစ်စဉ်ကျင်းပတဲ့ Project Show တွေမှာ ပါဝင်ပြသကြပါတယ်။ အဲ့ဒီပွဲတွေမှာ ပြင်ပက လုပ်ငန်းရှင်တွေ၊ပညာရှင်တွေ လာရောက်ကြည့်ရှုလေ့ရှိပြီး မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ ဆုချီးမြှင့်ခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ဟာ Korea International Cooperation Agency(KIOA) ရဲ့ ကူညီမှုနဲ့ E-Learning Center ကို ထူထောင်နိုင်ခဲ့တယ်။ Online Content တွေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ တက္ကသိုလ်ဖြစ်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံခြားတက္ကသိုလ်အချို့နဲ့ရော၊ ပြည်တွင်း Company တွေနဲ့ပါ ချိတ်ဆက်ပြီး Memorandum of Understand (MOU) ရေးထိုးပြီးတော့ ကျောင်းသူ/သားတွေအတွက် သင်ကြားသင်ယူမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်စေဖို့ စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒီလို ဆောင်ရွက်ပေးတဲ့အတွက် ကျောင်းသူ/သားတွေရဲ့ အရည်အသွေးတွေလည်း တိုးတက်မြင့်မားလာတာကို တွေ့ရပါတယ်။ အခုဆိုရင် ပြည်တွင်းမှာ ကျင်းပတဲ့ Event တွေကနေ ပြည်ပပြိုင်ပွဲတွေအထိ တက်လှမ်းပြီး ကျောင်းရဲ့ဂုဏ်သာမက နိုင်ငံဂုဏ်ကိုပါ ဆောင်နိုင်တဲ့ ထူးချွန်ပညာတတ်လူငယ်တွေကို မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး)ရဲ့ အနာဂတ်ကား ထွန်းတောက်တဲ့ ကြယ်ပွင့်တွေနဲ့ လင်းလက်နေပြီဆိုတာ တွေ့ရပါတယ်။ ယခုလို ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ရဲ့ လူ့အရင်းအမြစ်တွေကို မွေးထုတ်ပေးနေတဲ့ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ကျောင်းတော်ကြီးရဲ့ သက်တမ်းဟာ ၂၀၂၀ခုနှစ်မှာ သံဖြူရတုသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ရှေ့ဆက်ပြီး ရတုပေါင်းများစွားကို ကျော်ဖြတ်ဖို့ အားမာန်အပြည့်နဲ့ ဆက်လက်ချီတက်နေပြီဖြစ်ပါတယ်။ ကျောင်းတော်ကြီးရဲ့ သက်တမ်းနှစ်ပေါင်း ရာထောင်ရှိစေလို့ ဆန္ဒပြုရင်း....

မယ်ပ(နည်းပညာ)

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) တက္ကသိုလ် (၁ဝ)နှစ်ပြည့် အမှတ်တရ ဂုဏ်ပြုရေးဖွဲ့သည်။

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

Copyright © 2017 by University of Technology (Yatanarpon Cyber City)