photo - Khun Naing Pyae Htun
ဆောင်းရာသီရဲ့ နေသာတဲ့တစ်ရက်မှာ သူမကို စတွေ့ခဲ့တယ်။
ကြားရတဲ့ သတင်းတွေအရတော့ သူမဟာ မာနကြီးတယ်၊ အထက်တန်းကျတယ်၊ တောက်ပတယ်၊ ဝင့်ဝါတယ်၊
တော်ရုံအဖက်မလုပ်တတ်ဘူးတဲ့။
ဆိုတဲ့အတိုင်းပဲ သူမ ပီသပါပေတယ်။ နေရောင်ခြည်တွေ ဖြန့်နေတဲ့ မနက်ခင်းတခုမှာ သူမကို လင်းလင်းပပ
တွေ့ရတယ်။ ရောက်လာတဲ့သူမှန်သမျှတောင် သူမရဲ့အရှိန်အဝါနဲ့ တောက်ပနေသလိုပဲ။
သူမက မိခင်တစ်ယောက်ရဲ့ ရင့်ကျက်ကြင်နာမှုမျိုးနဲ့ နွေးနွေးထွေးထွေး ကြိုဆိုပေးခဲ့တယ်။
သူမအရိပ်အောက်မှာခိုရင်း.... သူမအကြောင်း ပြောရင်း .... လေးလေးမြတ်မြတ်ခံစားမိတာကတော့.....
အိုဘယ့်....ချစ်ရပါသော မိခင်ကျောင်းတော်ကြီး YCC.....။
ညနေခင်းတိမ်တွေကြားက မန္တလေးကိုငေးရင်း YCCကို ရောက်လာတဲ့ နေ့ရက်များကို ပြန်ပြောင်းသတိရမိတယ်။
သတိရမိတော့ အဖွင့်မှာရေးခဲ့သလို နိဒါန်းမကျ နိဂုံးမကျ စာကိုယ်လည်း မဟုတ်တဲ့ စာတစ်ပိုဒ်ကို
ဖွဲ့မိတော့တာပါပဲ။
တကယ်တော့ မိခင်ကျောင်းတော်ကြီးလို့ ဖွဲ့ဆိုမိတာ မှန်/မမှန် ကျွန်မ မသိဘူး။
ဖခင်ကျောင်းတော်ကြီးလို့ ဖွဲ့ရင်ကောင်းမလားလည်း စဉ်းစားမိရဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ သူ
(သို့မဟုတ်) သူမဟာ ကျွန်မအတွက် အချိန်တိုင်း နွေးထွေးနေမှာပဲ....အချိန်တိုင်း ဆီးကြိုနေမှာပဲ
ဆိုတာလည်း တွေးမိရရဲ့။
ဖန်တစ်ရာတေဇာတ်လမ်းလို ကျွန်မက ဆင်းဆင်းရဲရဲ မွေးဖွားလာပြီး စာတော်တဲ့ ကျောင်းသူတစ်ယောက်ပါပဲ။
ဘဝရည်မှန်းချက်ကို ဘာလဲ မေးရင် စာသင်ချင်တာ....အဲ့လိုမပြောပဲ တစ်ချိန်လုံး
ဆရာလုပ်နေချင်တာလို့ပြောရင် ပိုပြည့်စုံမယ် ထင်ပါတယ်။ ဆယ်တန်းအောင်တော့ ကျူရှင်မယူပဲ အမှတ်လည်း
ကောင်း၊ ဂုဏ်ထူးတွေလည်းပါတော့ အားလုံးအလယ်မှာ လည်တိုင်ကျော့ကျော့ ခေါင်းတမော့မော့ဆိုသလို
သိပ်ဂုဏ်မောက်လို့ ကောင်းခဲ့တာပေါ့။ ရေရှည်တော့မခံပါဘူး။ တောရွာတို့ထုံးစံ ... “မသိန်းသမီးလေးက
တော်ရှာသဟဲ့”ဆိုတာနဲ့ ပြီးသွားတာပါပဲ။
ဒီလိုနဲ့ တက္ကသိုလ်ရွေးကြတော့ ဘုန်းဘုန်းဘုရားက သူလည်း ထောက်မယ်။ သူ့ဒကာမတွေလည်း
အကူအညီတောင်းမယ်ဆိုတဲ့ ခပ်ရေးရေး မျှော်လင့်ချက်နဲ့ YCCကို ရောက်လာခဲ့တော့တာပါပဲ။
အမေကတော့ “ညည့် ... ဟိုက အေးသနော်” တဲ့ ၊ အညာသူပီပီ သတိပေးရှာသား။ နောက်တော့လည်း
အသားကျသွားမှာပါဆိုပြီး အဒေါ်များထည့်ပေးလိုက်တဲ့ ဖျင်းကြမ်းအင်္ကျီ (၃)ထည်၊
ဖျင်ကြမ်းစောင်(၁)ထည်နဲ့ တက်လာလိုက်တာပဲ။
မန္တလေးကျော်တော့ တောင်တန်းတွေကို လှမ်းမြင်ရပြီ။ လူက ရင်ခုန်သလိုလို...ရင်တုန်သလိုလို။
“နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)” ဆိုတော့ ကားဆရာက မသိဘူး။ အမေက ဘေးမှာ အူလည်လည်
ဆိုတော့ ကျွန်မကပဲ စိတ်တင်းပြီး အားပေးနေရတယ်။ တစ်ခါမှလည်း ရောက်ဖူးတာမဟုတ်ဘူး။
တောင်ပေါ်စတက်တော့ လေတဖြူးဖြူးနဲ့....မြင့်လာလေလေ လေက အေးလေ....လတ်လေ....ဟိုင်းလတ်ကားလေးကလည်း
တဗြဲဗြဲအော်ပေမဲ့ တာဝန်ကျေရှာပါရဲ့။ တောင်ပေါ်ရောက်တော့ အဝေးက မန္တလေးကို မြင်ရတာ ခံစားချက်က
တစ်မျိုးပဲ။ အညာမှာ ပူခဲ့သလောက် အေးမြမြလေထုကို ခံစားရင်း ဒီတောင်ပေါ်မှာ
ခြောက်နှစ်နီးပါးနေရမဲ့အဖြစ်ကို “ငါတော့ နတ်မတာပဲ”လို့ တွေးမိသေးတယ်။
အိမ်မှာဆို နေ့လည်နေ့ခင်းတိုင်း ပူခြစ်လောင်မြိုက်လို့ ရေတစ်အိုးဘေးထား၊ အဖေ့ပုဆိုးလေး
ရေစွတ်ပတ်ထားပြီး တဂွတ်ဂွတ် ထသောက်နေရတာ။ ချွေးက အဆမတန်ထွက်တော့ အချိန်တိုင်း ရေဆာနေတော့တာပဲ။
ခုလို အေးအေးလူလူနေရမဲ့ ဘဝက ဘာနဲ့မှ မလဲနိုင်ဘူး ဖြစ်ရတော့မယ်။
(၂၁)မိုင်ရောက်တော့ ကျွန်မမှာ ဘာများတွေ့မလဲလို့ လိုက်ရှာရသေးတယ်။ လူတိုင်းက ဒီ (၂၁)မိုင်ကိုပဲ
ပြောနေကြတာကိုး။ နာမည်ကြီး ပဲကြော်ထုပ်တွေလည်း အလျှိုလျှို။ ကား/ဆိုင်ကယ် ရေဆေးတဲ့သူတွေ၊
(၁၀)ဘီး ကားကြီးတွေ တန်းစီရပ်ထားတာတွေ့တော့ အထူးအဆန်းပဲ။ ကျွန်မတို့အညာဘက်မှာက ဒီလို ကားကြီးတွေ
ရှားတာကိုး။ ကားတာရာတွေ ရေဆေးတော့ ထွက်နေတဲ့ အငွေ့တွေကြည့်ရင်း “အော်...သူတို့လည်း
ရုန်းကန်တက်ခဲ့ရတာပဲလေ....ဘယ်အရာမဆို ရုန်းကန်ရတာပဲ...ဒါဘဝပဲ” လို့ မဆီမဆိုင်
စိတ်အားတက်ခဲ့ရသေးတယ်။ နောက်တော့ နာမည်ကျော် (၆)ထပ်ကွေ့ကို တွေ့ရတာပါပဲ။ အမေကတော့
တဝေါဝေါပေါ့....ကျွန်မလည်း မူးလိုက်တာလေ...”ဒီလိုကြီးဖြင့် ဖြစ်လောက်ဘူးထင်ရဲ့”လို့ ပထမဆုံး
အတွေးဝင်မိတာပဲ။ (၆)ထပ်ကွေ့ကျော်ပြီး သိပ်မကြာဘူး။ ဟိုမေးဒီမေးနဲ့ ကျောင်းပေါက်ရောက်တော့
သားအမိနှစ်ယောက် ဆင်း၊ အဝေးက လှမ်းမြင်ရတော့ ကျောင်းကြီးက ခမ်းနားလိုက်တာ၊ ကျောင်းကြီး
ခမ်းနားသလောက် သွားရတဲ့လမ်းကလည်း ရှည်လျားလွန်းတယ်။
ဝင်တော့ ကျွန်မလို ကျောင်းလာအပ်တဲ့သူတွေလည်း တွေ့ရတာမနည်းဘူး။ ကျောင်းအပ်ဖို့ စုံစမ်းကြည့်တော့
လျှောလျှောရှူရှူပဲ။ ဖတ်ဖူးတဲ့ တက္ကသိုလ်ဝတ္ထုတွေထဲကလို စီနီယာတွေကများ ချောက်ချလိုက်မလား
တွေးပူပေမဲ့ အားလုံး သဘောကောင်းကြတယ်။ သူတို့ကိုယ်တိုင် လိုက်မအပ်ပေးရုံတမယ်ပဲ။
အဆောင်ကိစ္စတွေပါမကျန် ကူညီကြတယ်။ ဈေးချိုတဲ့အဆောင် လိုက်ရှာတော့ အနီးနားက ရွာမှာ တစ်ခုတွေ့တယ်။
တစ်လ (၂၀၀၀၀) ၊ သူများနဲ့ တွဲနေရမယ်၊ အိမ်သာလည်းအဆင်ပြေ၊ ရေချိုးဖို့လည်း အဆင်ပြေဆိုတော့
ယူလိုက်ကြတယ်။ အခန်းဖော် စီနီယာကလည်း ပြုံးလိုက်ရင်
သွားတက်ကလေးနဲ့....အတော်ချစ်စရာကောင်းတာပဲလို့ မြင်မြင်ချင်း မှတ်ချက်ချရတဲ့သူမျိုးပဲ။
နောက်နေ့မနက် အမေပြန်တော့ ငိုလိုက်ရတာလေ....အခန်းဖော်က ချော့.... “နောက်ကျ အဆင်ပြေသွားမှာ
ညီမလေးရယ်” ဆိုတိုင်း ငိုရတာ အမော။ နောက်တော့ တခြားအခန်းက အမတွေပါ လာချော့တယ်။ စကားတွေပြောကြ၊
မုန့်တွေကျွေးကြ၊ ရီရီမောမောနဲ့ပဲ တစ်ညတာ ဘယ်လိုကုန်သွားမှန်းမသိဘူး။ ကျောင်းသွားတော့
အခန်းဖော်တို့က ဖယ်ရီနဲ့ .... ကျွန်မကတော့ ဖယ်ရီခမတတ်နိုင်လို့ ဖြတ်လမ်းကနေ ခြေလျင်သွားရတယ်။
ကျောင်းကန်တင်းဖက်ခြမ်း “မင်္ဂလာတိုက်”ကနေ ဖြတ်ချလိုက်ရင် သိပ်မလျှောက်ရဘူး။ မေဂျာတွေက
မရွေးသေးတော့ ကျောင်းက အကုန်စုတက်ရတယ်။ ဆရာမတွေက အခြေခံတွေ စသင်ပေးတယ်။ ကွန်ပျူတာတွေကို ပထမဆုံး
အနီးကပ် မြင်ဖူးတာပဲ။ သူတို့ သင်တာ လိုက်လုပ်ရင်း ပျော်သွားတယ်။ ကျောင်းတက်ရတာ ပျော်လာသလိုပဲ။
အိမ်ကိုလည်း သိပ်မလွမ်းမိတော့ဘူး။ စနေ တနင်္ဂနွေတော့ ငိုရတာပေါ့လေ။ နောက်တော့လည်း ပိတ်ရက်တောင်
ငိုချိန်မရှိတော့ပါဘူး။ ဘဘုန်းက ဆယ်တန်းဘော်ဒါတစ်ခုနဲ့ ချိတ်ပြီး စာသင်ခိုင်းတာနဲ့ အလုပ်တစ်ဖက်
ကျောင်းတစ်ဖက်ဖြစ်သွားတယ်။ ပင်ပန်းပေမဲ့ ပျော်ရတာပါပဲ။
ဝါသနာပါရာ အိုင်တီမေဂျာကိုလည်း ရလိုက်တယ်။ မေဂျာက ပေးတဲ့ ပညာသင်ဆုတွေ၊ အစိုးရက ပေးတဲ့
ပညာသင်ဆုတွေ၊ စာသင်ခတွေ ပေါင်းလိုက်တော့ လူလည်း နည်းနည်း အသက်ရှူချောင်လာတယ်။ အမှတ်တရ ပြောရမှာက
ရာသီဥတုအေးအေးနဲ့ ကျွန်မမှာ ပါလာတဲ့ ဖျင်ကြမ်းထည်တွေနဲ့ အတိုင်းထက်အလွန်
တံခွန်နဲ့ကုက္ကားဖြစ်နေတော့တာပဲ။ မနက်တိုင်း ချမ်းလိုက်တာများဆိုတာ .... နောက်တော့ စောင်လေး
(၂)ထည် ဝယ်ရတယ်။ ခပ်ပေါပေါထဲကပဲ။ တစ်ထည်ခြုံ၊ တစ်ထည်ခင်းနဲ့ ..... သူက ကြာလာရင် အထဲက
အစတွေလုံးသွားတတ်တဲ့အမျိုး။ အိပ်ရာဝင်ခါနီးရင် သူ့ဖြန့်နေရတာကိုက တစ်လုပ်။
တခုကောင်းတာက ကျောင်းမှာ ကျူရှင်စနစ်မရှိဘူး။ ဒီတော့ အတန်းထဲတင် စာရတယ်။ ဆရာမတွေကလည်း
တကယ်အသုံးချလို့ရအောင် သင်တယ်။ မေဂျာနဲ့ဆိုင်တဲ့သင်တန်းတွေ ဘာတွေလည်း အနီးနားမှာ မရှိဘူး။
အဲ့ဒီအစား စီနီယာတွေက ပြန်သင်ပေးတာ ရှိတယ်။ ကျောင်းဖွင့်ရက် မနက်အစော၊ နောက်ပြီး ညနေခင်းတွေ၊
စနေ တနင်္ဂနွေမကျန် ကျောင်းသားတွေဟာ ပုရွက်ဆိတ်လေးတွေလိုပဲ။တရွေ့ရွေ့ချီတက်နေကြတာပဲ။ စီနီယာတွေ
ပြန်သင်တဲ့ Knowledge Sharing အတန်းတွေ အချိန်အားသလောက် တက်ကြတယ်။ ဘာသာစကားသင်တန်းတွေကိုတော့
ကုမ္ပဏီတွေနဲ့ ချိတ်သင်တာ ရှိတယ်။ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အင်္ဂလိပ် စသဖြင့်ပေါ့လေ။
ကျွန်မကတော့ ဂျပန်စာသင်တန်းတက်တယ်။
အတန်းကြီးလာတော့ ကျောင်းမှာ လုပ်တဲ့ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ ပြည်တွင်း၊ နိုင်ငံတကာ
ပြိုင်ပွဲ...စုံလို့ပါပဲ။ ဆုရတဲ့အခါလည်း ရပေါ့။ ကျောင်းသားဘဝရဲ့ အနှစ်သာရတွေ
အကုန်လုပ်ဖြစ်နေတာပဲ။ ကျွန်မက ကျောင်းမှာ အထူးချွန်ဆုံးမဖြစ်ပေမဲ့ လက်တွေ့ခန်းတွေမှာတော့
စိတ်ပါလက်ပါရှိတယ်။ စာသင်ခန်းထဲမှာလည်း နုတ်စာအုပ်နဲ့ သင်သမျှလိုက်မှတ်တယ်။ ဆရာမပြန်လုပ်မယ်
ရည်ရွယ်တာကိုး။ ဒီတော့ ဆရာမက ဒီနေရာကို ဒီလိုရှင်းတယ်ဆိုတာမျိုး လိုက်မှတ်တာပဲ....ပြီးရင်တော့
ကိုယ့်လက်ရေးကိုယ် မနည်း ပြန်ဖတ်ရတယ်။ သင်ရတာတွေလည်း စိတ်ဝင်စားဖို့ကောင်းတယ်။
ကျွန်မလို ဇနပုဒ်က လာတဲ့သူတစ်ယောက်အတွက် အမြင်၊ အကြား၊ အတွေး အားလုံးဟာ တကယ့်ကို အသစ်အဆန်းနဲ့
လေ့လာချင်စရာကောင်းနေခဲ့တာပါပဲ။ ကျောင်းမှာလုပ်တဲ့ပွဲတွေ၊ အသင်းအဖွဲ့တွေကလည်း ချစ်စရာလည်းကောင်း
ပျော်စရာလည်းကောင်းတယ်။ Fresher welcome ရဲ့ ခမ်းနားမှုတွေ၊ First term အပြီးမှာ လုပ်တဲ့
သင်္ကြန်ပွဲ၊ နောက်ဆုံးစာမေးပွဲအပြီးမှာ လုပ်တဲ့ Night of YCC၊ ဆရာကန်တော့ပွဲနဲ့ Farewell
ပွဲတွေ၊ ဆောင်းရာသီထမနဲပွဲ၊ မိုးတွင်း အားကစားပွဲတွေ စသဖြင့် YCCဟာ ရာသီအလိုက် လှနေခဲ့တာတော့
ငြင်းမရဘူး။ အားကစားပွဲတွေမှာ မေဂျာအလိုက် အားပေးကြ၊ အင်္ကျီဆင်တူတွေ ဝတ်ကြ၊ အုပ်စုတွေဖွဲ့ပြီး
အော်ကြ ဟစ်ကြ၊ စောင်းကြ မြောင်းကြ....နောက်တော့လည်း မဟုတ်သလို လည်ပင်းဖက်ပေါင်းကြနဲ့။
ဩဂုတ်(၃၁)တိုင်းမှာ လုပ်တဲ့ Project Show မှာလည်း ကျွန်မတို့ လက်စွမ်းပြကြတာပဲ။ ဒီနေ့က
ကျွန်မတို့ “YCCကို ပွဲထုတ်တဲ့နေ့”ဆိုလည်း မမှားဘူး။ ပြင်ပ စက်ရုံအလုပ်ရုံတွေ လာကြတယ်။
ကျွန်မတို့ ဖန်တီးထားတဲ့ နည်းပညာနဲ့အကျိုးပြုအလုပ်လေးတွေကို ချီးကျူးကြ၊ ဝေဖန်ကြ၊ အကြံပေးကြ။
တချို့ဆို အလုပ်ပါတခါတည်း တန်းခေါ်တာတွေ ရှိတယ်။ ကျွန်မလက်ရှိအလုပ်ကလည်း Project Show ကနေ
ချိတ်မိသွားတာပဲ။ ကျွန်မလုပ်ထားတဲ့ Project ကို ကြည့်ရင်း သဘောကျတာနဲ့ စကားပြောဖြစ်တယ်။
နောက်တော့ သူတို့ကုမ္ပဏီမှာ internship ဆင်းရင်း အလုပ်အတွေ့အကြုံလည်းရ၊ မိခင်ကျောင်းတော်ကြီး
သင်ပေးလိုက်သမျှကိုလည်း တကယ့်လုပ်ငန်းခွင်မှာ အသုံးချရင်း...ကျွန်မဝါသနာပါတဲ့
ဆရာမအလုပ်ကိုလည်းစောင့်ရင်း.... အိမ်စီးပွားရေးကိုလည်း ငဲ့ရင်း... တစ်ချက်ခုတ်
သုံးလေးချက်ပြတ်အောင် အလုပ်ဝင်ဖြစ်သွားတာပဲ။
YCCဟာ ပွဲတော်တွေနဲ့တင် စည်ကားနေတာမဟုတ်ပဲ Family မျိုးစုံ Club မျိုးစုံလည်း ရှိသေးတယ်။
ကျွန်မက တိုင်းရင်းသားမဟုတ်လို့ မဝင်ဖြစ်ပေမဲ့ ကျွန်မသူငယ်ချင်းတွေကတော့ ကချင် Family ၊ ချင်း
Family စတဲ့ အသင်းတွေနဲ့ ဒေသသားအချင်းချင်း တယ်လည်း ရိုင်းပင်းကြတယ်။ ပွဲတော်တိုင်းမှာ
သူတို့ရဲ့ရိုးရာ ဝတ်စုံတွေ၊ အစားအသောက်တွေကို ဖော်ထုတ်ပြသကြတာ၊ ခရစ္စမတ်သီချင်းတွေ
နှစ်တိုင်းလှည့်ဆိုကြတာ စတဲ့ ဘာသာရေး ရိုးရာတွေ၊ ကိုယ့်နယ်ဖက်ဒုက္ခတစ်ခုခုဖြစ်ရင် ကူညီဖို့
Family လိုက် မ,တည်တာ၊ ဦးဆောင်အလှူခံတာ၊ ရေကြီးမိုးကြီးနေလည်း မရောက်ရောက်အောင် သွားလှူတာတွေ
မြင်ရတဲ့အခါ တစ်ဦးနဲ့တစ်ဦး သွေးမတော် သားမစပ် ချစ်ခင်ကြပုံက အံ့ဩလောက်စရာပါပဲ။ ဒီလို
လူသားဆန်တဲ့ကျောင်းတော်ကြီးမှာ သွေးလှူပွဲတွေ လုပ်တဲ့အခါများတော့ ကျွန်မတို့သူငယ်ချင်းအကုန်
လှူကြတာပဲ။ ကြက်ဥတွေစားလိုက်.... အချိုရည်တွေသောက်လိုက်....မူးသူတွေ ကူလိုက်...
ကြက်ခြေနီဝတ်စုံဆင်တူနဲ့ ကြည်နူးရတဲ့နေ့တွေပဲ။
ကျွန်မက ငယ်ငယ်ကတည်းက ပုံဆွဲဝါသနာပါတယ်။ ဘယ်လိုစနစ်တကျဆွဲရမယ်တော့မသိဘူး။ ကျောင်းမှာ
ကိုယ့်ဝါသနာကို စတည်လို့ရတဲ့ Clubတွေရှိတော့ ကျွန်မက ပန်းချီအသင်းထဲ ဝင်ဖြစ်တယ်။ ကျောင်းက
ပွဲတွေမှာဆို ပန်းချီလေးတွေ ဆွဲဖြစ်လာတယ်။ သီချင်းဆိုဝါသနာပါတဲ့ ကျွန်မသူငယ်ချင်းကတော့
ဂီတအသင်းထဲ ဝင်တယ်။ သူက ပွဲရှိတိုင်း စင်ပေါ်တက် ဟဲနေကြ။
ဒီလိုတွေ လုပ်နေလို့ စာမေးပွဲဖြေနိုင်ပါ့မလား မေးရင်တော့ ဖြေနိုင်တယ် ပြောရမှာပဲ။ အမှတ်ကလည်း
အထက်တန်းတုန်းကလို နောက်ဆုံး စာမေးပွဲနဲ့ လုံးဝကြီး ဆုံးဖြတ်တာမျိုး မဟုတ်ဘူး။
ကျောင်းသားတစ်ယောက်ချင်းစီအလိုက် ဖြေခဲ့တဲ့ ကျူတိုရီယယ်တွေ၊ တင်ခဲ့တဲ့ အဆိုင်းမန့်တွေ၊
အဖွဲ့လိုက် လုပ်ဆောင်မှုတွေကတဆင့် ရာခိုင်နှုန်းအလိုက် ယူတာမို့ ကျောင်းမှန်မှန်တက်၊
သင်ခန်းစာမှန်မှန် လိုက်လုပ်ရုံနဲ့ အောင်နိုင်ခြေရှိတယ်။ နောက်တခုက YCCဟာ “ဆိုင်ဘာစီးတီး”ဆိုတဲ့
ဂုဏ်ပုဒ်နဲ့အညီ နိုင်ငံတကာဆရာတွေရဲ့ သင်ခန်းစာတွေကို အွန်လိုင်းကတဆင့် လေ့လာနိုင်တာပဲ။
ကျောင်းသားတွေဟာ အွန်လိုင်းသင်ကြားရေးစနစ်နဲ့ အလွယ်တကူ အကျွမ်းဝင်ပြီးသား ဖြစ်နေတယ်။
ခုဆို ကျွန်မအလုပ်ခွင်မှာ လိုအပ်တဲ့ ကျွမ်းကျင်မှုအသစ်တွေကို လေ့လာရတယ်။ အွန်လိုင်းနဲ့
ကိုယ်တိုင်သင်ယူလေ့ကျင့်တာက အကျင့်ဖြစ်နေပြီးသားဆိုတော့ သိပ်တော့ မပူရဘူး။ စာဖတ်ဖို့ဆိုလည်း
လာထား။ သီးဆစ်နဲ့တင် စာပေါင်းမြောက်မြားစွာ ဖတ်ထားရသူမို့ စာဖတ်ဖို့လည်း အကျင့်ဖြစ်သွားတယ်။
ကိုယ်ပြုစုတဲ့ ကျမ်းပေါ်မှာ လုပ်ခဲ့တဲ့စေတနာ၊ အားထုတ်မှု … ဆရာ/ဆရာမများရဲ့ အကြံဉာဏ်၊
လမ်းညွှန်မှု စတာတွေကြောင့် ကျွန်မ ဒီလမ်းကို ဘယ်ချိန်ပြန်လှည့်ကြည့်ပါစေ
စိတ်လုံနေခွင့်ရခဲ့ပြီ။ ဒီကနေ ရခဲ့တဲ့ စိတ်လုံခြုံမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတို့နဲ့ပဲ
အပြင်လောကကို မျက်စိမှိတ်တိုးဝင်ရဲခဲ့တာပါပဲ။
ပြင်ဦးလွင်ကို ချယ်ရီမြို့လို့ တင်စားကြပေမဲ့ ကျွန်မက ပန်းရောင်မကြိုက်တဲ့သူမို့ ချယ်ရီကို
ချစ်မရခဲ့ဘူး။ အဲ့ဒီအစား စိန်ပန်းပြာတွေကိုတော့ အလွန်ချစ်တယ်။ ဒီက စိန်ပန်းပြာတွေက တချို့ဆို
အပွင့်သေးသေးနဲ့ ခရမ်းပြာဖက်လုတယ်။ တချို့ကျ အပွင့်ကြီးကြီးနဲ့ အပြာဖက် ပိုသန်းတယ်။ ဘယ်လိုနေနေ
နှစ်သက်ရတာပါပဲ။
ကျွန်မချစ်မြတ်ရတဲ့သူ့ကိုလည်း စိန်ပန်းပြာတွေနဲ့ လင်းနေတဲ့ ညနေခင်းတစ်ခုမှာ တွေ့ခဲ့တယ်။
ဖြစ်ချင်တော့ ကျောင်းကအပြန် ဆိုင်ကယ်ဆီကုန်သွားတယ်။ မောင်းတဲ့သူငယ်ချင်းရော ကျွန်မရော Project
အမှီပြီးဖို့ လုပ်နေရင်း အဲ့ဒီနေ့က တော်တော် နောက်ကျသွားတာ။ ဆိုင်ကယ်လည်း ဆီမထည့်ထားမိ။
မိုးကလည်း ချုပ်နေတော့ နှစ်ယောက်သား ယောင်လည်လည်ဖြစ်နေတုန်း ဆိုင်ကယ်တစ်စီး အနားလာရပ်တယ်။
ကျောင်းဝတ်စုံနဲ့ပဲဆိုတော့ စိတ်ချသွားရင်း သူကပဲ ဆီသွားဝယ်ပေး၊ ပြန်လာထည့်ပေးဆိုတော့
အဆင်ပြေသွားတယ်။ မိတ်ဆက်ရင်း ကျေးဇူးစကားပြောတော့ သူနဲ့ကျွန်မက မေဂျာမတူဘူး။ အတန်းတော့ တူတယ်။
နောက်တော့ Social media ကနေ စကားပြောရင်း၊ ဖုန်းဆက်ရင်း၊ လမ်းတွေ့နှုတ်ဆက်ရင်းပဲ ရင်ခုန်သံ
မြန်လာခဲ့တယ်။ ဇာတ်ပေါင်းသော် ကျွန်မတို့နှစ်ယောက် ချစ်သူဖြစ်ခဲ့ကြတယ်ပေါ့။ YCC ရဲ့
ညနေခင်းတိုင်းမှာ ကျွန်မတို့ အတူရှိခဲ့ကြတယ်။ အတူစာလုပ်တယ်။ အတူလျှောက်လည်တယ်။ အတူတူ ရီမောကြ။
အတူတူ ငိုကြွေးကြ။ ဘောက်ဖတ်ဘဝကနေ ခု လိပ်ပြာဖြစ်တဲ့အထိ အတူပျံသန်းနေတုန်းပဲ။
မနေ့က ကျွန်မဘွဲ့ယူခဲ့ပြီ။ ဟိုအရင် Convocation night မှာဆိုရင် ဘွဲ့ယူတဲ့ စီနီယာအကို၊
အမများကို ဂုဏ်ပြုရင်း မုန့်တွေ လုပ်ကြ၊ ကကြ၊ဆိုကြ.... ခုတော့ ကျွန်မ အလှည့်ပေါ့။ ကျွန်မတို့
ဂျူနီယာများက ကျွန်မတို့ Batch ကို မနေ့ကပဲ ဂုဏ်ပြုသွားကြပြီ။ ကျွန်မတို့ ဆရာ၊ ဆရာမများကလည်း
ပြုံးလို့။ ဘွဲ့ယူတော့ ရွာက အမျိုးများကလည်း ဟိုလူလိုက်ချင် ဒီလူလိုက်ချင်နဲ့ တစ်အုပ်တစ်မကြီး။
မိဘများကတော့ ဂုဏ်ယူမဆုံးပေါ့လေ။ ခုမှ အတောင်ဖြန့်ကာစ လူငယ်တစ်ဦးအတွက် သူတို့အပြုံးတွေ၊
အားပေးစကားတွေ ကြားရတော့ ရင်ထဲ တစ်မျိုးပဲ။ ကြက်သီးထသလို အားလည်း တက်ရတယ်။ ရည်ရွယ်ရင်းကိုတော့
မရောက်သေးပေမဲ့ ကျွန်မက ဘဝလှေကားကို ခုမှ တက်ကာစလေ။ လမ်းတွေမချော်အောင်၊ ပြုတ်ကျမသွားအောင်
ထိန်းရမှာ ကျွန်မတာဝန်ပဲ။ မနက်ဖြန်ဆို တာဝန်ဝတ္တရားများရှိရာ မြို့ကြီးကို ပြန်ရတော့မယ်။
အေးမြနွေးထွေးတဲ့ မြို့ငယ်လေးကို ကျွန်မထားခဲ့ရတော့မယ်။ ဒီအနံ့တွေ၊ အရိပ်တွေကို
ကျွန်မသက်ပြင်းတွေ လှိုင်လှိုင်ချရင်း မေ့နိုင်ဖို့ ကြိုးစားရတော့မယ်။ လက်တွေ့ဘဝကို
ရင်ဆိုင်ရင်း တစ်ခါတစ်ခါတော့ သေချာပေါက် သတိရလိမ့်ဦးမယ်။
YCCမှာ စိန်ပန်းပြာတွေ ပွင့်နေပြီ။
မြဝါ
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) တက္ကသိုလ် (၁ဝ)နှစ်ပြည့် အမှတ်တရ
ဂုဏ်ပြုရေးဖွဲ့သည်။
Copyright © 2017 by University of Technology (Yatanarpon Cyber City)