နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရအက်ဆေး

photo - Su Larb Mon

အရပ်ဆယ့်ရှစ်မျက်နှာ

   မန္တလေးထက်မြင့်ပြီး ပြင်ဦးလွင်ထက်နိမ့်တဲ့မြေအနေအထားမှာ YCC ဆိုတဲ့ကျောင်းတော်ကြီးရှိတယ်။ ကျောင်းရဲ့ အောက်မှာ ပြေးလွှားနေတဲ့တိမ်တွေရှိတယ်။ အချို့ကျောင်းသားတွေကတော့ လေထီးနဲ့ကျောင်းလာတယ်။ သူတို့ချိတ်ထားတဲ့ လေထီးကိုခွေးတွေဝိုင်းဆွဲပြီး ကန်တင်းသွားတဲ့လမ်းပေါ်ကချိုင့်ထဲ မြှပ်လိုက်ကြတယ်။ မှန်နဲ့ဆောက်ထားပေမယ့် အပြင်ကိုမမြင်ရတဲ့ပြတင်းပေါက်မှာ အနက်ရောင်အစင်းကြောင်းတွေထိုင်နေတယ်။ Toilet ကြီးကတော့ အပ်ကျတာကအစ အကုန်သိတယ်။ Main building မှာ ကပွဲသံတွေဆူညံလာတော့ Lab ခန်းထဲက ကွန်ပြူတာတွေ ရပ်ကုန်တယ်။ ကျောင်းကြီး ဘယ်လောက်ကျယ်မှန်းသိရအောင်သွားတိုင်းမယ်ဆိုတဲ့ အဖွဲ့ကတော့ ပြန်မလာကြတော့ဘူး။ အဲဒီကတည်းက မြေတစ်လက်မအထိမခံဘူးဘာညာ ဘယ်သူမှမပြောကြတော့ဘူး။ ရှုခင်းလှလှတွေတော့ မြင်ရပါရဲ့။ ကြည့်လိုက်တဲ့အခါ နီးလိုက်ဝေးလိုက်ဖြစ်နေလို့ဆိုပြီး မျက်လုံးနဲ့နားကို နေရာပြောင်းတပ်လိုက်တယ်။ သိပ္ပံပညာရှင်တစ်ယောက်ကတော့ YCC ကျောင်းအလယ်မှာရှိတဲ့ သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုမှီပြီး ကြီးထွားလာတာမဟုတ်ဘဲ ဆိုင်ကယ်သံကို အာဟာရအဖြစ်စားပြီး ကြီးထွားလာတယ်လို့ပြောတယ်။ ကျောင်းသားတွေရဲ့ ဗိုက်ကို အစမ်းသပ်ခံလုပ်ပြီးခွဲကြည့်တော့ ပြင်စာတစ်ရွာလုံးကိုတွေ့တယ်။ သူတို့တွေအိပ်တဲ့အခါ ပြင်စာ၊ သုံးတောင်၊ အနီးစခန်းလို့ယောင်သတဲ့။ ကျောင်းသားတစ်ယောက်က သူ့မိသားစုစာရင်းနေရာမှာ သူငယ်ချင်းနာမည်တွေထည့်တယ်။ အတော်နောက်တဲ့ကောင်တွေ။ ကျောင်းသူတွေက ဒေါက်ဖိနပ်စီးလို့မရလို့ဆိုပြီး ဖိနပ်တွေကို ကျောင်းအောက်ထဲထည့်မြုပ်လိုက်တယ်။ ခြေဗလာဖြူဖြူတွေကို အနွေးထည်နဲ့ထုပ်ပြီး ပြင်ဦးလွင်သိပ်ချမ်းတယ်ဆိုပြီး ပြောကြတယ်။ ကဲ တော်လောက်ပြီ အားလုံးလက်ပိုက်ထား။ နမောတဿ ဆိုလို့ရတယ်၊ ဖတ်စာအုပ်ထဲကစာတွေဆိုလို့ရတယ်။ အိမ်မက်တွေကိုဆိုလို့ရတယ်။ ဆိုချင်တာဆို။ အပြာမဝတ်လည်း လာလို့ရတယ်။ အကုန်လုံးချွတ်ချလိုက်ရင် အရိုးဖြူဖြူ တွေကျန်ခဲ့မယ်။ ကျောင်းထဲက မြေဆွေးတွေကိုဝတ်ပြီး ကမ္ဘာပေါ်မှာထိုင်ကြပေါ့။

စောယုနွယ်
၁၄.၁၀.၂၀၂၀

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) တက္ကသိုလ် (၁ဝ)နှစ်ပြည့် အမှတ်တရ ဂုဏ်ပြုရေးဖွဲ့သည်။

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

Copyright © 2017 by University of Technology (Yatanarpon Cyber City)