နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရကဗျာ

photo - Yin Myat Chue

photo - Su Larb Mon

ရင်ထဲက တက္ကသိုလ်

လာခဲ့ဖို့ဖိတ်ခေါ်ချင်
ပြင်ဦးလွင်အတက်လမ်း
မောရှမ်းရဲ့နိဒါန်းကဗျာ
ပြင်စာရွာဆိုင်ဘာနန်း။

လမ်းဆက်ကာ စိန်ပန်းပြာနဲ့
ချယ်ရီမှာ နေခြည်နမ်းသော်
တောင်ပေါ်မှာ လေနုအေး
နောင်ဆွေသဟာ ငယ်နုထွေးတို့
ကျောင်းတက်တဲ့ဤနေရာ
နီဝါပြာ ပင်စိန်ပန်း။

ခရီးတွင်စရာ အနဂ္ဂပညာဆောင်ရွယ်လို့
နည်းပညာတက္ကသီလာမောင်မယ်တို့
ဝင့်ကြွားတဲ့ကျောင်းတော်
ပျော်ရဲ့လားမေး။

ပျော်ကြောင်းရယ်စာစီ
ကုန်နိုင်ပြီ သည်အတွေး
ရေးမိတယ်လေး။

လရာသီဝါဆိုဦးနဲ့
သီတင်းကျွတ် ကထိန်အောင်
ပျော်ကြောင်းကို မောင်ဆိုတော့
မယ်လည်းလေ ကျောင်းသင်္ကြန်
ဆွေးမိလည်ပြန်။

ထိုမှဆီ အားကစား
လှုပ်ရှားကာယှဉ်လို့ပြိုင်
နွဲကြပိုင်ပိုင်
နိုင်ရန်ဖို့အရေး တို့အရေး
အားပေးရင်းနဲ့ သူနိုင်ကိုယ်နိုင်
လက်ခုပ်သံမြိုင်
ပြိုင်ပါပေါ့ညီထွေး
ခုတွေးတောင် ရင်ခုန်မိ
လွမ်းမိတဲ့ တက္ကသိုလ်။

ထိုမှဆီ မယ့်အလွမ်းကို
ထပ်မြန်းကာဆို
ပိုတယ်လို့ ဆိုပါနဲ့
မောင်လည်းလေ လက်စုံမိုးလို့
မယ်လည်းလေ လက်စုံမိုးလို့
တို့ရိုးရာ ဆရာကန်တော့ပွဲ
နွဲဖူးတဲ့ ဒီအချိန်ဆီကို
မှုံမပီ ထင်တရေးရေး
လွမ်းမိတယ်လေး။

ဘွဲ့နှင်းသဘင် အစဉ်ကျင်းပ
သတင်းလှတဲ့မောင်မယ်တွေ
သတိရတယ်လေ။

ပြန်ဆုံရန်ရွယ်
လာချင်တယ်တို့စခန်းမွေးနေ့
ဆယ်နှစ်ပြည့်ပြီ။

သူငယ်ချင်းဓလေ့အညီ ကြုံရင်မေးပါကွဲ့
ဆယ်နှစ်ပြည့်ပြီ ဆုံချင်သေးပါရဲ့
ဟိုအရင်အတိတ်အကြောင်း
ပြန်ပြောင်းလို့ ငယ်သွေးဖော်
နွဲရအောင်နော်။

လာခဲ့ဖို့ခေါ်ချင်
ပြင်ဦးလွင်အတက်လှမ်း
မောရှမ်းရဲ့နိဒါန်းကဗျာ
ပြင်စာရွာဆိုင်ဘာနန်းကို
လှမ်းလာစေချင် သည်အရေး
ကဗျာလွှာ စာစီတေးကို
ရေးမိတယ်လေး။
                ထူးဝေယံ
                ၅-၁၀-၂၀၂၀။
              

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) တက္ကသိုလ် (၁ဝ)နှစ်ပြည့် အမှတ်တရ ဂုဏ်ပြုရေးဖွဲ့သည်။
အမည်ရင်း : မောင်ထွန်းလင်းကျော်
တွဲဖက်‌ပါ‌မောက္ခ၊ မြန်မာစာဌာန၊ UTYCC။

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

Copyright © 2017 by University of Technology (Yatanarpon Cyber City)