YCCSU logo ၌ဖော်ဆောင်ထားသော လှေကား (၈) ဆင့် အဓိပ္ပာယ် (ဝါ) ၈၈၈၈

၈၈၈၈ အရေးခင်းသည် လွန်ခဲ့သော (၃၂) နှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်တွင် ဆက်တိုက်ဖြစ်ပွားခဲ့သော ချီတက်ဆန္ဒပြပွဲ၊ချီတက်ပွဲ၊ကန့်ကွက်ဆန္ဒပြပွဲများနှင့် အဓိက ရုဏ်းများကို ဆိုလိုခြင်းဖြစ်ပါသည်။ အဓိက ဖြစ်ရပ်မှာ ၁၉၈၈ ခု၊ ဩဂုတ်လ ၈ ရက်နေ့ ရန်ကုန်မြို့တွင် ကျောင်းသားများက စတင်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြပွဲသည် တစ်နိုင်ငံလုံး ပျံ့နှံသွားပြီး သိန်းပေါင်းများစွာသော သင်္ကန်းဝတ်ဘုန်းကြီးများ၊ဆရာ၊ဆရာမ၊ကလေးငယ်များ၊တက္ကသိုလ်ကျောင်းသားများ၊အိမ်ရှင်မများ၊ဆရာဝန်များသည် အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြမှု များသည် တောနယ် ဒေသများထိ ပျံ့နှံခဲ့သည်။ ထိုကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ (ဗကသ)အမှတ်အသားဖြစ်သော ခွပ်ဒေါင်းပုံပါ လက်ကမ်းစာစောင်များနှင် ၊ ပိုစတာများ ရန်ကုန်မြို့အနှံ့ ထွက်ပေါ်လာခဲ့သည်။

အစိုးရ အလုပ်သမားများ၊သံဃာတော်များ၊လေတပ်နှင့် ရေတပ် အမှုထမ်းများ၊ အကောက်ခွန်အရာရှိများ အပါဝင် အလွှာပေါင်းစုံမှ ဆန္ဒပြသူပေါင်း ၁၀,၀၀၀ သည် ရန်ကုန်မြို့ ဆူးလေဘုရား အပြင်ဘက်တွင် ဆန္ဒပြခဲ့ကြပြီး တရားဝင် ငွေကြေးအဖြစ်မှရပ်စဲခဲ့သော ငွေစက္ကူများဖြင့်တန်ဆာ ဆင်ထားသော ဦးနေဝင်းနှင့် ဦးစိန်လွင်တို့၏ ပုံတူရုပ်များထည့်ထားသည့် ခေါင်းတလားများကို မီးရှို့မြေမြှုပ်ကာ ဆန္ဒပြပွဲ ဆင်နွှဲခဲ့ကြသည်။ ဤ အရေးအခင်းအတွင်း စစ်တပ်မှ အပြစ်မဲ့ ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဦးနေဝင်းက
"သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး" ဟု ပြောကြားခဲ့ရာ ဆန္ဒပြသူများမှ ပြန်လည် တုံ့ပြန်ခဲ့ကြပါသည်။

သို့သော်လည်း စစ်တပ်ကြောင့် ဆန္ဒပြသူ အများအပြား သေဆုံးခဲ့ရပါသည်။ ထိုအရေးအခင်းကြီးသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ SLORC (စစ်တပ်) မှ အာဏာသိမ်းယူမှုအပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင်ပြီးဆုံးခဲ့သည်။

သို့ဖြစ်ပေရာ ၈၈၈၈ သည် မြန်မာနိုင်ငံ အတွက် အလွန်တရာ ထူးခြားသော အချိုးအကွေ့ တစ်ခု ဖြစ်ခဲ့ရာ နောင်လာနောက်သား မျိုးဆက်သစ် လူငယ်များ လည်း သိရှိစေရန် သမိုင်းအဆက်ဆက် လက်ဆင့်ကမ်း အသိအမှတ်ပြုကြရန် တိုက်တွန်းလိုက်ရပါသည်။

ဓာတ်ပုံအား Thar Doe acc မှ ကူးယူဖော်ပြသည်...

Copyright © 2017 by University of Technology (Yatanarpon Cyber City)